အိမ်မွေးတိလေးတွေနဲ့ တောရိုင်းတိရိစ္ဆာန်လေးတွေကြားမှာ ခင်မင်ရင်းနှီးမှုဆိုတာ ရှိနိုင်ပါ့မလား ….
ဟုတ်ကဲ့ပါ တကယ့်လက်တွေ့မှာတော့ ရှိနိုင်ပါတယ်ဆိုတာ သက်သေပြသွားပါပြီ။ ဒါ့အပြင် တိလေးတွေဟာ မျိုးစိတ်တူနေမယ်ဆိုရင်တော့ သူတို့အချင်းချင်း ပြောကြတာကိုနားလည်ဖို့ ဘာသာစကားအခက်အခဲဆိုတာလည်း ရှိမှာမဟုတ်တော့ပါဘူး။
စိန့်ပီတာဘက်က လေလွင့်နေတဲ့ ပိုင်ရှင်မဲ့ကြောင်လေးတစ်ကောင်ဟာ မြို့အနှံ့ကို လျှောက်သွားပြီး အစာရှာထွက်ပါတယ် ။ သူ့အတွက် အရမ်းကိုကံကောင်းတဲ့နေ့လေး တနေ့ရောက်လာပါတယ် ။ အဲဒီနေ့မှာတော့ သူဟာ အစာစားဖို့ ရှာတွေ့ရုံတင်မကဘဲ သူငယ်ချင်းလေးတစ်ကောင်ကိုပါ ရရှိလိုက်ပါတယ်။ သူ့အစာအနေနဲ့လည်း ကံကောင်းစွာ အမဲသားတုံးအကြီးကြီးတွေကိုပါ ရခဲ့ပါတယ်။
သူဟာ ဒီစားကောင်းသောက်ဖွယ်တွေအားလုံးကို တိရိစ္ဆာန်ရုံထဲက ဖီလိုင်းအမျိုးအစား -ကြောင်မြီးတိုလေး (lynx)ရဲ့ လှောင်အိမ်ထဲမှာ ရှာတွေ့ခဲ့တာပါ။ အသားတုံးပိုင်ရှင်ကြီးက ဝုန်းခနဲရောက်ချလာပြီး မဖိတ်ခေါ်ထားတဲ့ဧည့်သည်လေး သူ့အစားအသောက်တွေကို ပွဲတော်တည်နေတာကိုမြင်ရင် တစစီ ကိုက်ဖြဲပစ်လောက်မယ်လို့ ထင်မိမှာပါ။ ဒါပေမယ့် ဆန်းကြယ်မှုကတော့ ကြောင်ကြီးဟာ ပူစီလေးကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူးတဲ့။
“အမျိုးတော်တယ်လို့ပဲထင်နေတာလား ဒါမှမဟုတ် ဆာလောင်လွန်းလို့ သေတော့မယ့် လမ်းဘေးကြောင်လေးကို ဘယ်သူကမှ အစာကျွေးမှာမဟုတ်ဘူးဆိုတာ သူသဘောပေါက်နေတာလား “
အခုဆိုရင်တော့ ပူစီလေးဟာ သူ့သူငယ်ချင်းစီကို မကြာခဏ အလည်အပတ်လာပြီး ကြောင်ကြီးကလည်း သူနဲ့ မနက်စာ နေ့လည်စာ ညစာကို မျှဝေပြီးစားကြပါတယ်တဲ့။
အဲဒီအပြင် လှောင်အိမ်ထဲမှာ အပြင်ကထက် နွေးတာကြောင့် ပူစီလေးဟာ ကြောင်မြီးတိုကြီး လင့်စ်ကိုမှီပြီး နွေးထွေးအောင်နေလေ့ရှိပါတယ်တဲ့။ အဲဒီအတွက် ပူစီလေးဟာ သူ့ရဲအမွှေးလေးတွေကို လျှာလေးနဲ့ သပ်ပေးပါတယ်တဲ့ ။ ပူစီလေးကို တိရိစ္ဆာန်ရုံအစောင့်တွေကလည်း သတိပြုမိပြီး အသားတုံးပိုင်ရှင် ကြောင်ကြီး လင့်စ် အစာမဝမှာစိုးတာကြောင့် သူ့ရဲ့ နေ့စဉ်ခွဲတမ်းကို ပိုပြီးတိုးပေးခဲ့ပါတယ်တဲ့ ။