“မန္တလေးနားက လူတွေသိပ်မသိသေးတဲ့ ဓါတ်တော်တောင် သဘာဝလှိုဏ်ဂူကြီး “

ဓါတ်တော်တောင်နဲ့ လှိုဏ်ဂူကြီးက ကျောက်ဆည်မရောက်ခင် ဘယ်လင်းရွာကနားမှာရှိတာပါ ၊ မန်းလေးကနေသွားရင် တစ်နာရီခွဲလောက်ပဲကြာပါတယ်

ဘယ်လိုသွားရမလဲမန်းလေး – ကျောက်ဆည် လမ်းအတိုင်းသွားရင် ကျောက်ဆည်မရောက်ခင်လေးမှာ “ဘယ်လင်းရွာ” ဆိုတဲ့ဆိုင်းဘုတ်တွေ့ပါမယ် အဲ့ဆိုင်းဘုတ်အလွန် “နည်းပညာမြှင့်တင်ရေးသင်တန်းဌာနသို့” ဆိုတဲ့လမ်းလေးအတိုင်း အရှေ့ထဲတည့်တည့် ၁၀ မိုင်လောက် ထောင်တက်သွားရုံပါပဲ ၊ မန်းလေးကနေ ဘယ်လင်းရွာကို ၁:၁၀ နာရီ ၊ ဘယ်လင်းကနေ ဓါတ်တော်တောင်ခြေကို ၂၀ မိနစ် ပဲမောင်းလိုက်ရပါတယ် ၊ ကားရော ဆိုင်ကယ်ပါ တောင်ခြေထိ မောင်းလို့ရပါတယ် ၊ တောင်ခြေကဘုန်းကြီးကျောင်းထဲမှာ ကားရပ်ခဲ့လို့ရပါတယ် ( လမ်းမှားမှာစိုးရင် အဲ့နားကတွေ့တဲ့သူတွေကို ဓါတ်တော်တောင်သွားမလို့ လို့သာမေးလိုက်ပါ လမ်းညွှန်ပေးကြတယ် )နောက်တစ်လမ်းကတော့ ကျောက်ဆည်မြို့ထဲကနေဖြတ်ပြီး တောင်ခြေကနေသွား မြင်စိုင်းမြို့သစ်ကနေ ဆက်သွား စက်ရုံနယ်မြေကိုကျော်ရင် ဓါတ်တော်ရွာရောက်မှာပါ။

တောင်တက်ခရီး အခြေအနေတောင်ခြေကနေ တောင်ပေါ်ထိ ၁၁၁၀ ပေမြင့်ပြီး အုတ်လှေကားရှည်ကြီးတွေအတိုင်းခြေကျင်တက်ရမှာပါ စတီးလက်ရန်းတွေရှိပေမယ့် စောင်းတန်းတော့ မရှိသေးပါဘူး ၊ ကျနော်တို့တော့ အတက် ၁:၂၀ နာရီ နဲ့ အဆင်း ၃၀ မိနစ် ကြာပါတယ် ( တက်ရင်းလမ်းမှာနားတာက နာရီဝက်လောက်ရှိမယ် ) လမ်းတလျှောက်မှာ နားစရာဇရပ်လေးတွေရှိတယ် ၊ လမ်းမှာသဲအိတ်ကလေးတွေ တောင်ပေါ်သယ်သွားပြီး လုပ်အားဒါန ကုသိုလ်ယူလို့လဲရပါတယ်။

တောင်ပေါ်မှာဘာတွေရှိလဲတောင်ပေါ်ရောက်ရောက်ချင်း ဓါတ်တော်တောင် သာသနာပြုဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏရဲ့ ဘုန်းကြီးကျောင်းကိုအရင်တွေ့ပါလိမ့်မယ်၊ ဆရာတော်က ဒီတောင်ပေါ်ကို ၁၉၈၇ ခုနှစ်လောက်ကထဲက ရောက်နေတာဖြစ်ပြီး ၆ နှစ်ဂူထဲတရားကျင့်ခဲ့တယ်လို့သိရပါတယ် ၊ လာသမျှလူတိုင်းကိုလဲ ထမင်းကျွေးလို့ ကျနော်တို့အဖွဲ့လဲ မောမောနဲ့ ဝင်ဆွဲခဲ့သေးတယ် အခုဆို ဓါတ်တော်တောင်မှာ သာသနာပြုလုပ်ငန်းတွေလုပ်နေတာ နှစ် ၃၀ ကျော်ခဲ့ပြီဖြစ်ပြီး သင်္ကြန်တွင်းဆို တရားစခန်းတွေ ဒုလ္လပရဟန်းတွေလဲ ရှိတယ်လို့ သိရပါတယ် ၊ ဆရာတော်က အလှူမခံပေမယ့် ကျနော်တို့ကတော့ ကိုယ်နိုင်သလောက်လေးလှူခဲ့ကြပါတယ်

ထမင်းစားပြီး အရင်ဆုံးသွားဖြစ်တာက တောင်ရဲ့ အရှေ့တောင်ဖျားမှာရှိတဲ့ မြဘုရားပါ ၊ စေတီရင်ပြင်ကနေ တောင်တွေပါတ်လည်ဝိုင်းရံထားတဲ့ စွန်ရဲအင်းနဲ့ ရွာလေးတွေကိုမြင်ရတာ အမောကိုပြေရောပဲ

ဓါတ်တော်လှိုဏ်ဂူနောက်ပြီး ဓါတ်တော်လှိုဏ်ဂူရောက်ဖို့ အုတ်လှေကားလေးနဲနဲထပ်တက်ရပါတယ် ၊ လှေကားအဆုံးမှာ ကျောက်စက်ပန်းဆွဲတွေနဲ့ သဘာဝလှိုဏ်ဂူကြီးကို ဘွားခနဲမြင်လိုက်ရတာ လှလွန်းလို့ “ဝိုး” ဆိုပြီး ထအော်မိတဲ့ အထိပါပဲ၊ ဂူထဲကို လှေကားလေးနဲ့ ပြန်ဆင်းရတယ် အထဲမှာ လျောင်းတော်မူဘုရားကြီးရယ် တခြားဘုရားဆင်းတုတွေအများကြီးပါပဲ ဘဘာဝထုံးကျောက်တိုင်ကြီးတွေလဲတွေ့ခဲ့ရတာ တကယ့်ကို အံ့မခန်းပါပဲ ၊ ညနေပိုင်းဆိုရင်တော့ ဂူပေါက်ဝကနေ ဂူကြမ်းပြင်ထိဖြာကျလာတဲ့ နေရောင်ခြည်တန်းကြီးကို မြင်ရပါတယ်။

ဂူထဲမှာ လူတကိုယ်စာ ၀င်လို့ရတဲ့ ဂူပေါက်လေးရှိတယ်တဲ့ ၊ အပေါက်ကလူနကိုယ်စာလေး ဆင်းရပေမဲ့ အထဲမှာ ဘုရားရှိတယ် နဲနဲမှောင်တယ် အထဲမှာ ၁၀ယောက်၁၅ယောက်စာနေရရှိပါတယ် မထင်ထားလောက်အောင် ကျဉ်းတဲ့အပေါက်ကလေးကနေ လူတယောက်အသာလေးဆင်းလို့ရတယ်တဲ့ ၊ အရင်ကဆရာတော် တရားကျင့်တဲ့ဂူလို့ သိရပါတယ် ၊ ဂူဝက မိုးရွာရင်ရေဝင်ချင်စရာပေမယ့် တကယ်ရွာရင် မဝင်ဘူးတဲ့ ၊ ကျနော်တော့ အခုမှသိလို့ အဲ့ဂူပေါက်လေးထဲ မဝင်ခဲ့ရပါဘူး ၊ သူငယ်ချင်းတို့ သွားရင်ရှာကြည့်ပေါ့နော်၊ ဂူအမိုးကနေ ကျောက်စက်ရေကျတော့ တချို့နေရာလေးတွေဗွက်ထပါတယ် လင်းနို့တွေရှိလို့ လင်းနို့ချေးလဲရှိနေတယ်။ဒီနေရာလေးက အေးချမ်းတဲ့ သာသနာ့နယ်မြေဖြစ်လို့ အော်ဟစ်ဆူညံတာတွေမလုပ်ကြဖို့လဲပြောချင်ပါတယ် ၊ တောင်တက်လှေကားက ရှည်လျားလို့ သက်ကြီးရွယ်အိုတွေတက်ဖို့ သိပ်မလွယ်ပါဘူးနော် တောင်တက်ဝါသနာပါတဲ့ သူငယ်ချင်းတွေစုပြီးတက်ကြရင်တော့ တကယ်ပျော်စရာကောင်းမှာပါ ၊ ရေဗူးလေးတွေ ဓါတ်ဆားထုပ်လေးတွေတော့ ဆောင်သွားကြပေါ့နော်။

Leave a Comment