ပုံမှန်သက်တမ်းထက်ကျော်လွန်ကာ အသက်ရှည်ရှည်နေနိုင်ခဲ့တဲ့ တိရိစ္ဆာန်များ

လူသားများစွာဟာ ရာစုနှစ်တစ်ခုကျော်လောက်ကို သက်တမ်းရှည်ရှည်နေထိုင်လိုကြပေမယ့် လူသားတွေရဲ့ပျမ်းမျှသက်တမ်းဟာ နှစ် ၇၀ ခန့်လောက်ပဲရှိကြပါတယ်။ ဒါပေမယ့် ထိုထက်ပိုမိုကာအသက်ရှည်ရှည်နေခဲ့ရသူတွေလည်းရှိပါတယ်။ သို့သော်လည်း လူသားတွေဟာ တစ်ချို့သောတိရိစ္ဆာန်များနှင့်နှိုင်းယှဉ်ပါက သက်တမ်းအားဖြင့်လျော့နည်းနေပါတယ်။ အချို့သောတိရိစ္ဆာန်များဟာ သူတို့ရဲ့ ရှိသင့်တဲ့သက်တမ်းထက်ပိုမိုကျော်လွန်ကာ အသက်ရှည်နေခဲ့တာက အံ့အားသင့်စရာကောင်းနေပါတယ်။ အထူးသဖြင့် အမေရိကတွင် နာမည်ကြီးဇီဝဗေဒပညာရှင် ချားလ်စ်ဒါဝင်မှတွေ့ရှိခဲ့သော လိပ်ကြီးနှင့် နာမည်ကြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ ကြက်တူရွေးတို့ဟာ သူတို့ရဲ့ပုံမှန်သက်တမ်းထက်ကို ပို၍အသက်ရှည်ခဲ့တဲ့ တိရိစ္ဆာန်တွေပဲဖြစ်ပါတယ်။ ယခုဖေါ်ပြပေးမှာကတော့ အထက်ပါ တိရိစ္ဆာန်များလိုပဲ ပုံမှန်ထက် အသက်ကြာရှည်စွာ နေထိုင်ခဲ့ကြတဲ့ တိရိစ္ဆာန်များအကြောင်းပဲဖြစ်ပါတယ်။

၁. နှစ်ပေါင်း ၁၇၆ နှစ်ထိနေထိုင်ခဲ့တဲ့ ဖွါးသက်ရှည်လိပ်ကြီး Harriet

Credit Photo

အဆိုပါလိပ်မျိုးများဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ဂါလာပိုဂိုကျွန်းစုတွင် ရှင်သန်ပေါက်ဖွါးကြပါတယ်။ Harriet ကို ၁၈၃၀ ပြည့်နှစ်နိုဝင်ဘာလတွင် မွေးဖွားခဲ့ပြီး ၁၈၃၅ တွင် ထိုလိပ်ကြီးကို နာမည်ကြီးဇီဝဗေဒပညာရှင် ချားလ်စ်ဒါဝင်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါလိပ်ကြီးကို ပထမဆုံးအကြိမ်တွေ့စဉ်အခါက အထီးတစ်ကောင်ဟုထင်မှတ်ခဲ့ကြပြီး Harriet လို့အမည်ပေးခဲ့ကြပါတယ်။ Harriet ဟာ ဘရစ္စဘိန်းရုက္ခဗေဒဥယျာဉ်တွင် ၉၉ နှစ်ကြာနေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ The Crocodile Hunter ဟုလူသိများသော Steve Irwin ပိုင်ဆိုင်သည့်သြစတြေးလျတိရစ္ဆာန်ရုံသို့ခေါ်ဆောင်လာခဲ့ပြီး 2006 ဇွန်လတွင် ကွယ်လွန်ခဲ့ပါတယ်။

၂. အသက် ၅၀၇ နှစ်ရှိပြီဖြစ်တဲ့ ကမာကောင် Ming

Credit Photo

ဝေးလ်နိုင်ငံ Bangor တက္ကသိုလ်မှသုတေသီများသည် ၂၀၀၆ ခုနှစ်တွင် အိုက်စလန်ကမ်းလွန်မှ သန္တာကျောက်တန်းတစ်ခုတွင် ထိုကမာကောင်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ကို Dendrochronological Analysis လို့ခေါ်တဲ့ တိရိစ္ဆာန်များနှင့်အပင်များရဲ့ သက်တမ်းကိုတိုင်းတာတဲ့နည်းနဲ့ စမ်းသပ်လိုက်တဲ့အခါမှာတော့ ထို ကမာကောင်ရဲ့ အသက်ဟာ ၅၀၇ နှစ်ရှိနေတာတွေ့ခဲ့ရပါတယ်။ သူဟာ ၁၄၉၉ တွင်မွေးဖွါးခဲ့တာဖြစ်ပြီး ထိုအချိန်ဟာ တရုတ်ပြည်တွင် Ming မင်းဆက်ထွန်းကားနေတဲ့ ကာလဖြစ်တာကြောင့် ထိုကမာကောင်ရဲ့ နာမည်ကို Ming လို့သတ်မှတ်ခဲ့ပါတယ်။

၃. အသက် ၁၀၀ ကျော်နေထိုင်ခဲ့တဲ့ ကြက်တူရွေး ချာလီ

Credit Photo

ချာလီ လို့ခေါ်တဲ့ Macaw အမျိုးအစား ကြက်တူရွေးဟာ ၂၀၀၄ ခုနှစ်တွင် ထင်ရှားကျော်ကြားလာပါတယ်။ အကြောင်းမှာ သူ့ရဲ့ပိုင်ရှင်ဖြစ်တဲ့ ပီတာအိုရန် က သူ့ရဲ့ကြက်တူရွေး ချာလီဟာ ၁၈၉၉ ခုနှစ်ခန့်တွင်မွေးဖွားခဲ့တာဖြစ်ပြီး ချာလီရဲ့ မူလပိုင်ရှင်ဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ထိုကြက်တူရွေး ချာလီ ဟာ အသက် ၁၁၄ နှစ်အရွယ်အထိအသက်ရှည်ခဲ့ပါတယ်။

၄. အသက် ၈၆ နှစ်ရှိခဲ့တဲ့ ဆင်ကြီး Lin Wang

Credit Photo

Lin Wang ဟာအာရှဆင်အမျိုးအစားဖြစ်ပြီး ၁၉၁၇ တွင် မွေးဖွါးခဲ့ပါတယ်။ သူဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၃၇ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ တရုတ်နှင့်ဂျပန် တို့စစ်ပွဲအတွင်းတွင် တရုတ်စစ်တပ်မှာ ဝင်ရောက်အမှုထမ်းခဲ့ပါတယ်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ထိုင်ဝမ်ကျွန်းရှိ တိုင်ပေ တိရိစ္ဆာန်ရုံသို့ ပြောင်းရွှေ့ခံခဲ့ရပြီး ၂၀၀၃ ခုနှစ်အထိနေထိုင်ခဲ့ပါတယ်၊ Lin Wang ဟာ အခြားသော အာရှဆင်တွေရဲ့ ပျမ်းမျှသက်တမ်းထက် နှစ် ၂၀ ခန့်မျှ အသက်ပိုရှည်ခဲ့တာပါ။

၅. တာဇံဇာတ်ကားများထဲမှ တာဇံရဲ့ သူငယ်ချင်း Cheeta

Credit Photo

၁၉၃၀ နှင့် ၁၉၄၀ ကြားတွင်ထုတ်လွှင့်ခဲ့သော Tarzan ရုပ်ရှင်များတွင် တာဇံရဲ့ သူငယ်ချင်းနေရာကပါ၀င်ခဲ့တဲ့ ချင်ပန်ဇီမျောက် Cheeta ဟာ ထိုအချိန်က လူအများကြားမှာထင်ရှားကျော်ကြားခဲ့ပါတယ်၊ ထို့နောက် ၁၉၆၀ တွင် ရုပ်ရှင်ရိုက်ခြင်းမှ အနားယူကာ တိရိစ္ဆာန်ရေးရာဌာနတွင် ရုပ်မြင်သံကြားကြည့်ခြင်း သီချင်းနားထောင်ခြင်း ရံဖန်ရံခါ စိတ်ရိုင်းပေါက်သောင်းကြမ်းခြင်းများဖြင့် နေထိုင်ခဲ့ပြီး အသက် ၈၀ အရွယ်တွင် ကျောက်ကပ်ရောဂါကြောင့်သေဆုံးခဲ့ပါတယ်။

၆. ရုပ်ရှင်စတား Poncho

Credit Photo

102 Dalmatians, Ace Ventura, and Dr. Doolittle (1998) တို့လိုရုပ်ရှင်ထဲမှာပါဝင်ခဲ့တဲ့ ကြက်တူရွေး Poncho ဟာလဲ Cheeta ကဲ့သို့ လူအများကြားမှာထင်ရှားကျော်ကြားခဲ့သော တိရိစ္ဆာန်တစ်ကောင်ဖြစ်ခဲ့ပါတယ်။ ဟောလီးဝုဒ်တွင် အလုပ်များခဲ့ပြီးနောက် Poncho ဟာ ဗြိတိန်နိုင်ငံ Shrewsbury ရှိအိမ်မွေးတိရစ္ဆာန်ဆိုင်တစ်ဆိုင်သို့ ပြောင်းရွှေ့ခဲ့ပါတယ်၊ သူဟာ ၂၀၁၈ ခုနှစ်အသက် ၉၄ နှစ်အရွယ်တွင် သေဆုံးခဲ့ပါတယ်။

Leave a Comment