နံရံ၊ ခေါင်မိုးနဲ့ မျက်နှာကြက်တွေ မပါတဲ့ တစ်ညကို မြန်မာငွေ(၆)သိန်းကျော်ပေးရတဲ့ Zero Star ဟိုတယ်

မိတ်ဆွေတို့အနေနဲ့ အကောင်းစားဟိုတယ်တွေမှာတည်းပြီး သိန်းချီကုန်ကျဖူးကောင်း ကုန်ကျဖူးကြမှာပါ။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ နံရံတွေ၊ ခေါင်းမိုးတွေ၊ မျက်နှာကြက်တွေ၊ အစရှိတာတွေမပါဘဲ တစ်ညတည်း မြန်မာငွေ(၆)သိန်းကျော်ကျတဲ့ Zero Star ဟိုတယ်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ညီအစ်ကိုနှစ်ယောက်ဟာ Saillion က ဓာတ်ဆီဆိုင်ဘေး လမ်းမပေါ်မှာ ဟိုတယ်တစ်ခုကို ဖွင့်လှစ်ထားခဲ့ပါတယ် ။ သူတို့ရဲ့ Zero Star ဟိုတယ်ခန်းရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပေါ်က ပြဿနာတွေကို ဧည့်သည်တွေ တွေးမိတတ်အောင်ပါတဲ့။

“အိမ်လို့မရဘူး အခန်းက ဆူညံနေတာပဲ” စတဲ့ မကျေနပ်ချက်တွေကို ဧည့်သည်တွေဆီကနေ ပြန်ကြားရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဟိုတယ်ပိုင်ရှင်ညီအစ်ကိုအတွက်တော့ ဒါကိုက သူတို့ Zero Star ဟိုတယ်ရဲ့ ထူးခြားချက်ပါပဲတဲ့။

ဆွစ်အနုပညာပြကွက်ဟိုတယ်အခန်းတွင် တစ်ညကို ၃၂၅ ဆွစ်ဖရန့်ခ်(မြန်မာငွေ ၆သိန်းကျော်) ကျသင့်မှာဖြစ်ပြီး ပလက်ဖောင်းပေါ်မှာ နှစ်ယောက်အိပ်ခုတင်တစ်လုံးရယ် ကုတင်ဘေးစားပွဲနှစ်လုံးရယ် နောက်ပြီး မီးအိမ်လေးတွေ ပါဝင်ပါတယ်။ နံရံမရှိသလို၊ လိုက်ကာတွေ၊ တံခါးတွေ ကိုယ်ပိုင် အမိုးအကာတွေလည်း မရှိပါဘူး။

သူတို့က ဒီလိုပုံစံမျိုးကို ကျေးလက်ဒေသရဲ့ စိတ်ကြည်နူးဖွယ်နေရာတွေမှာ ဖန်တီးခဲ့ဖူးပေမယ့် အခုလိုမျိုး စိတ်မချမ်းမြေ့ဖွယ်နေရာမှာ ဖန်တီးခဲ့တာတော့ သူတို့ရဲ့ ပထမဆုံးပါတဲ့။

“အိပ်တာက အဓိက မဟုတ်ဘူး။ အရေးကြီးတာက လက်ရှိ ကမ္ဘာ့အခြေအနေကို ပြန်သုံးသပ်ဖို့ပဲ။ ဒီမှာနေခြင်းက လူ့အဖွဲ့အစည်းထဲမှာ အရေးပေါ်ပြောင်းလဲမှုတွေ လိုအပ်တဲ့အကြောင်း ထုတ်ပြန်ချက်တစ်ခုပဲ” လို့ ဟိုတယ်ပိုင်ရှင်က ဆိုပါတယ်။

ဧည့်သည်တွေကိုတော့ တရေးနိုးချိန်မှာ ရာသီဥတုပြောင်းလဲမှုတွေ စစ်ပွဲတွေ လူသားတွေရဲ့ အဆုံးမရှိတဲ့ ပဟေဌိတွေ ပြီးတော့ အဲဒါတွေကြောင့် ကမ္ဘာကြီးထိခိုက်ရတာတွေ စတဲ့ ခေါင်းစဉ်တွေကို စဉ်းစားတွေးခေါ်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်တဲ့။

“အခုအချိန်က အိပ်ဖို့အချိန် မဟုတ်ဘူး။ ကျွန်တော်တို့ တုံ့ပြန်ဆောင်ရွက်ရမှာပါ။ ဒီနေ့ ဦးတည်ရာအတိုင်း ကျွန်တော်တို့ ရှေ့ဆက်မယ်ဆိုရင် သာယာချမ်းမြေ့ဖွယ်ရာ နေရာတွေထက် သာယာချမ်းမြေ့မှုမရှိတဲ့ နေရာတွေ ပိုများလာနိုင်ပါတယ်” ဟု ဟိုတယ်ပိုင်ရှင် က ပြောပါတယ်။

ဟိုတယ်ပိုင်ရှင်ညီအစ်ကိုက ‘ဇီးရိုးစတားဟိုတယ်’ အနုပညာပြကွက်ကို ဟိုတယ်ပိုင်ရှင် Daniel Charbonnier နှင့် အတူပူးပေါင်း ဖန်တီးခဲ့ခြင်းဖြစ်ပြီး နောက်ထပ်လည်း အလားတူ အနုပညာဖန်တီးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

“ဇီးရိုးစတားဟိုတယ်” အခန်းတွင် butler ဝန်ဆောင်မှုနှင့် သောက်စရာ၊ နံနက်စာ ဝန်ဆောင်မှုများကို ဇူလိုင် (၁) ရက်မှ စက်တင်ဘာ (၁၈) ရက်အထိ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးတို့ရော အဲဒီလိုအခန်းမျိုးမှာ တည်းနိုင်ပါ့မလား။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုရော ဘယ်လိုသဘောရလဲဆိုတာ ဆွေးနွေးပေးသွားကြပါဦးနော်။

Leave a Comment