ဓာတ်ဆီဖိုးမတတ်နိုင်တော့လို့ အလုပ်ကို မြင်းစီးပြီးသွားတဲ့အမျိုးသား

အိန္ဒိယနိုင်ငံ မဟာရက်ရှ်တရာ အာရန်ဂဘတ်ပြည်နယ်က လူတစ်ယောက်ဟာ ဓာတ်ဆီစျေးတွေ မြင့်တက်လာတာကြောင့် အလုပ်ကို မြင်းစီးပြီးသွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။

Shaikh Yusuf ဆိုတဲ့အမျိုးသားဟာ YB Chavan ဆေးဝါးကောလိပ်ရဲ့  ဓာတ်ခွဲခန်းလက်ထောက်တစ်ယောက်ဖြစ်ပြီး ကိုဗစ် lockdown ကာလအတွင်း ရုံးတက်ရုံးဆင်းလုပ်ဖို့အတွက် “ဂျီဂါ” လို့ခေါ်တဲ့ မြင်းတစ်ကောင်ကို ရူပီး ၄၀၀၀၀ သုံးပြီး ဝယ်ယူခဲ့ပါတယ်။ ကိုဗစ်မဖြစ်ပွားခင်မှာ Yusuf မှာ ဆိုင်ကယ်ဟောင်းလေးတစ်စီးရှိခဲ့ပြီး ဆီစျေးမြင့်တက်လာမှုကြောင့် သူနေတဲ့နေရာကနေ ၁၅ကီလိုမီတာ ဝေးတဲ့ အလုပ်ကို အသွားအပြန်လုပ်ဖို့အတွက် မြင်းတစ်ကောင်ဝယ်ယူဖို့ စိတ်ကူးကို ရခဲ့တာဖြစ်ပါတယ်။

ANI သတင်းဌာနကိုတော့ ” ကျွန်တော့် ဆိုင်ကယ်ကလည်း ခဏခဏပျက်တယ် ကိုဗစ်ကာလမှာ ဆီစျေးမြင့်တက်လာတဲ့အပြင် အများသုံး ပို့ဆောင်ဆက်သွယ်ရေးတွေကလည်း မပြေးဆွဲတော့ဘူး အဲဒါကြောင့် ဒီမြင်းကို ဝယ်ဖြစ်ခဲ့တာပါ ” လို့ Yusuf ကပြောကြားခဲ့ပါတယ်။

“ဂျီဂါ ” လို့ခေါ်တဲ့ သူ့ရဲ့မြင်းက လေးနှစ်သားအရွယ် အမည်းရောင်မြင်းလေးတစ်ကောင်ဖြစ်ပြီး ကာသီရာဝါရီ မြင်းအမျိုးအစားဖြစ်ပါတယ် ။ သူရဲ့အမျိုးအစားက သဲကန္တာရတွေကို ကူးသန်းတဲ့နေရာမှာ သုံးတဲ့ မြင်းမျိုးဖြစ်ပါတယ်။

“ဓာတ်ဆီစျေးတွေ မိုးထိုးနေတဲ့အချိန် မြင်းကို သယ်ယူပို့ဆောင်ရေးအတွက် သုံးတာက ဖြစ်နိုင်ချေရှိတဲ့ ရွေးချယ်မှုပါ ” လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ သူ့ကလေးတွေကိုလည်း ဒီမြင်းကို ပေးစီးလေ့ရှိပါသေးတယ်တဲ့။

” ဆိုင်ကယ်စီးတာ ကုန်ကျစရိတ်များတယ် မြင်းစီးတာက ကုန်ကျစရိတ်သက်သာတဲ့အပြင် ကျန်းမာရေးလည်း ကောင်းတယ် ”
မကြာခင်မှာတော့ Yusuf ကို ဂိုဒါဝါလာ အဖြစ် အနီးပတ်ဝန်းကျင်မှာ တော်တော်လေး ရေပန်းစားလာခဲ့ပါတယ်။

ဒီနေ့ ၊ သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကားတွေ ဘတ်စ်တွေ ဆိုင်ကယ်တွေအားလုံး အာရန်ဂဘတ်လမ်းမပေါ် ပြန်ရောက်နေကြပြီဖြစ်တဲ့အချိန်မှာ Yusuf နဲ့ သူ့မြင်းလေး ဂျီဂါကတော့ လူတိုင်း ကြည့်စရာ မြင်ကွင်းလေးတစ်ခု​ ဖြစ်လာပါတော့တယ်။ ….

Leave a Comment