သြစတေးလျနိုင်ငံက အမျိုးသမီးတစ်ဦးဖြစ်တဲ့ အမ်မာ ဖစ်ဇ်ဆိုင်မွန်ဟာ သူကလေးမမွေးခင်အချိန်ထိကို ကိုယ်ဝန်လွယ်ထားရမှန်းမသိခဲ့ပါဘူးဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူမဟာ ပေါ့တ်လန်း ဆေးရုံကို ပြီးခဲ့တဲ့အင်္ဂါနေ့က အစာအိမ်အရမ်းအောင့်လို့ သွားပြခဲ့ပြီးတော့ ဆေးရုံရောက်မှသာ ကလေးမွေးချင်လို့ ဗိုက်အောင့်နေမှန်း သိခဲ့ရတာပါ။
အမျိုးသမီးငယ်လေးဟာ သူမကြားခဲ့တာကို မယုံကြည်နိုင်တာမလို့ ဆရာဝန်တွေကို နှစ်ခါပြန်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က သားဦးလေးကို မွေးဖွားခဲ့တဲ့ အမ်မာကတော့ ဒုတိယကလေး ကိုယ်ဝန်ရနေတာကို မွေးခါနီးမိနစ်ပိုင်းအလိုမှ သိခဲ့ပါတယ်လို့ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
၃၆ပတ်ခန့်ရှိပြီဖြစ်တဲ့ သူ့ရဲ့ကလေးကို ဆရာဝန်တွေက နှလုံးခုန်နှုန်းကျဆင်းနေတယ်လို့ သတိထားမိတဲ့ အချိန်အတွင်းမှာပဲ အရေးပေါ် ခွဲစိတ်ပြီး မွေးဖွားပေးခဲ့ရပါတယ်။ အမ်မာ့ရဲ့ အမျိုးသား အာရွန်ကတော့ သူမဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့ပြီး သူတို့သမီးလေး ဝီလိုရို့စ်ကို လူ့လောကကနေ ကြိုဆိုဖို့ အံ့ဩတုန်လှုပ်နေတဲ့ မေမေကို ကူညီအားပေးနိုင်ခဲ့ပါတယ်။
“ပထမသားလေး ဝီလီယမ်တုန်းကဆို ၁၁ပတ်ထဲက ကိုယ်ဝန်ရှိနေမှန်းသိခဲ့ပြီး ၂၂ပတ်မတိုင်ခင်ထိကို တစ်ချိန်လုံး နေမကောင်းဖြစ်နေတာ ဒါကြောင့် ဒီကိုယ်ဝန်နဲ့ လုံး၀ကို ကွာခြားနေတာလေ ” လို့ သူမရဲ့ ကိုယ်ဝန်ဆောင်ဘ၀ကို ပြောကြားခဲ့ပါတယ်။ ” ဆရာဝန်တွေ ပြောတာကတော့ ကျွန်မ ကိုယ်ဝန်ရှိနေမှန်း မခံစားမိတာက တစ်ချိန်လုံး ထိုင်နေတာကြောင့် အချင်းက ပိမိနေပြီး အရှေ့ဘက်မှာ လှုပ်ရှားမှုသိပ်မလုပ်နိုင်တာကြောင့် ဖြစ်မယ် ” တဲ့။
ဒီကိုယ်ဝန်အတွင်းမှာ ကျွန်မ ဝိတ်လည်းသိပ်မတက်သလို အရင်အဝတ်အစားတွေလည်း ဝတ်လို့ရပြီး ခန္ဓာကိုယ်အပြောင်းအလဲ သိပ်မရှိဘူးလို့ အမ်မာက ဆိုပါတယ်။ တချို့လေ့လာချက်တွေမှာ ခန့်မှန်းထားတာကတော့ အမျိုးသမီး ၄၀၀ – ၅၀၀ မှာ တစ်ယောက်ကတော့ သူတို့ ကိုယ်ဝန်ရှိမှန်း မသိလိုက်ခင်မှာ အပတ် ၂၀ သို့မဟုတ် ငါးလခန့်ရှိနေတတ်တယ်လို့ ဆိုထားပါတယ် ။ ၂၅၀၀ထဲမှ တစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ ကလေးရှိမှန်းမသိဘဲ မွေးဖွားတာမျိုးဖြစ်တတ်ပြီး ဒါဟာ သုံးမွှာပူးကိုယ်ဝန်ထက် သုံးဆ ပိုအဖြစ်များပါတယ်တဲ့။
ဆရာဝန်တွေအနေနဲ့ကတော့ ရာသီမမှန်သူ အမျိုးသမီးများ အ၀လွန်သူနှင့် စိတ်ကျန်းမာရေး ချို့တဲ့သူများဟာ ကိုယ်ဝန်ရှိမှန်းမသိဘဲ ကလေးမွေးဖွားနိုင်ခြေရှိတဲ့ သူအများစုလို့ အကြံပြုပြောကြားထားပါတယ် ။