သား(၁၄)ယောက်မွေးဖွားခဲ့ပြီး နောက်ဆုံးမှာတော့ သမီးလေးရရှိခဲ့တဲ့ ဇနီးမောင်နှံ

အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမယ့် ဆောင်းပါးလေးကတော့ သားတွေချည်းပဲ (၁၄)ယောက် မွေးခဲ့ပြီး နှစ်(၃၀)အကြာမှ သမီးရတနာလေး မွေးဖွားခဲ့ကာ ပျော်ရွှင်ပီတိဖြစ်နေတဲ့ ဇနီးမောင်နှံ နှစ်ဦးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ကတ်တရီနဲ့ ဂျေးစခီဝတ်ဒ် တို့ဇနီးမောင်နှံ မှာ တိုင်လာ ၊ ဇက်ချ် ၊ ဒရူး ၊ ဘရန်ဒန် ၊ တွမ်မီ ၊ ဗီနီ ၊ ကယ်ဗင် ၊ ဂါဘီ ၊ ဝီစလီ ၊ ချာလီ ၊ လုခ် ၊ တက်ခါ ၊ ဖရန်စစ္စကို နဲ့ ဖန်လေ လို့ခေါ်တဲ့ သား ၁၄ယောက် ရှိပါတယ် ။ ခုချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ၇ပေါင် ၈ အောင်စရှိတဲ့ သမီးလေး မက်ဂီ ဂျေး ကို မွေးဖွားခဲ့ပါပြီ။

မီချီဂန် ပြည်နယ်မှ စခီဝတ်ဒ်တို့မိသားစုဟာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ လူသိများကြတဲ့ မိသားစုလေးဖြစ်ပြီး နှစ်တိုင်း နိုင်ငံသတင်းတွေထဲမှာ ပါလာတတ်ကြပါတယ်။ သူတို့မိသားစုမှာ 14Outdoorsmen လို့​ခေါ်တဲ့ ပြင်ပစွန့်စားခန်းတွေဖြစ်တဲ့ အမဲလိုက်တာ ငါးမျှားတာ စခန်းချတာ အစရှိတဲ့ လှုပ်ရှားမှုတွေကို ရိုက်ကူး ထုတ်လွှင့်သော live streaming ပရိုဂရမ်တောင် ရှိပါသေးတယ်။

သူတို့ရဲ့ သားတစ်ဦးဖြစ်သူ တိုင်လာပြောကြားချက်အရတော့ သူ့ရဲ့ မိဘတွေဟာ နောက်ဆုံးတော့ ဘယ်တော့မှ ရလာမယ်လို့ မထင်ထားတဲ့ သမီးလေးကို ရလာခဲ့တာကြောင့် ပျော်ရွှင်နေကြပါတယ်တဲ့။ ဒီအကြောင်း သူ့အဖေ သူတို့ကို ပြောပြထားတာ ၁၂ နာရီလောက်တောင် ကြာသွားပြီဆိုပေမယ့် သူ့စိတ်ထဲမှာ အခုထိ မယုံနိုင်သေးသလို အမေ့မှာ ပန်းရောင်အဝတ်အစားလေးတွေရော ရှိပါ့မလား​ တွေးနေခဲ့မိတယ်လို့ ဆိုပါတယ်။

မိဘတွေဖြစ်တဲ့ ကတ်တရီနဲ့ ဂျေးတို့ဟာ အထက်တန်းကျောင်းထဲက တွဲနေခဲ့ကြတာဖြစ်ပြီး ၁၉၉၃ မှာတော့ လက်ထပ်ခဲ့ကြပါတယ် ။ သူတို့နှစ်ဦး Ferris ပြည်နယ် တက္ကသိုလ်က ဘွဲ့မရခင်မှာ သားသုံးယောက် မွေးဖွားခဲ့ပြီးဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ဂျေးကတော့ သမီးလေး မက်ဂီ သူတို့မိသားစုဆီကို ရောက်လာတာဟာ အရမ်းကိုပျော်ရွှင်ရပြီး ဒီနှစ်က အမှတ်ရနေမယ့် နှစ်လေးတစ်နှစ်ပါတဲ့ ။ သူတို့အတွက်တော့ သမီးလေး မက်ဂီဟာ အကောင်းဆုံး လက်ဆောင်လို့ ဆိုပါတယ်။

သားဖြစ်သူ တိုင်လာကတော့ အချိန်အကြာကြီး ယောက်ျားလေးတွေနဲ့ ပြည့်နေတဲ့အိမ်မှာ မိန်းကလေးတစ်ယောက် ရှိလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာ တွေးကြည့်ရင် သိပ်အသားမကျသေးဘူး လို့ ပြောပါတယ်။

Leave a Comment