ကျွန်မတို့ရဲ့ စာဖတ်ပရိသတ်တွေ တော်တော်များများ လူတွေနဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကြား ဒါမှမဟုတ်ရင် တောရိုင်းတိရိစ္ဆာန်တွေနဲ့တောင် နွေးထွေးချစ်ခင်ဖွယ်ကောင်းလှတဲ့ သူငယ်ချင်း လိုသံယောဇဉ်တွေ ရှိတတ်ကြတာကို ကြားဖူးကြမှာပါ။ အိမ်မွေးတိလေးတွေဟာ ချစ်ဖို့ကောင်းပြီး ရင်းနှီးခင်မင်တတ်ကြသလို တောရိုင်းတိရိစ္ဆာန်လေးတွေကလည်း သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ လူသားတွေကို ကျေးဇူးတင်တတ်ကြပါတယ်။
အိမ်မွေးတိလေးတွေဟာ သင်တို့ရဲ့ကြင်နာမှု၊ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို ခံစားသိရှိကြပြီး တူညီတဲ့တုံ့ပြန်မှုကို ပေးကြပါလိမ့်မယ်။ ဒါပေမယ့် အိမ်မွေးတိလေးတွေလည်းမဟုတ်ဘဲ အဲဒီလိုရင်းနှီးမှုအကြောင်းပြောကြလို့ အဘိုးအိုနဲ့ ပင်လယ်ငါးကြီးရဲ့ ခင်မင်မှုအကြောင်း ရောက်လာတဲ့အခါ အားလုံးအမြင်က ပြောင်းလဲသွားကြပြီး ဒါဟာ မဖြစ်နိုင်ဘူး အမှန်မဟုတ်ဘူးလို့ တော်တော်များများ ထင်မှတ်ကြမှာပါ။ ဒီလိုမျိုးက အိပ်ရာဝင်ပုံပြင်စာအုပ်ထဲမှာပဲ ရှိတယ်ပေါ့ ။ ဒါသာအမှန်ဆိုရင် ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးပေါ်က သဘာ၀လွန်ဖြစ်ရပ်ထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။
ဟုတ်ပါတယ် စာဖတ်ပရိသတ်ကြီးတို့ရေ …. ဒါမျိုး တကယ့်လက်တွေ့ဘ၀မှာ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ဂျပန်ရေငုပ်သမားတစ်ယောက်ဟာ သိုးခေါင်းပုံစံရှိတဲ့ ပင်လယ်ငါးတစ်ကောင်နဲ့ ၂၅နှစ်တိုင်တိုင် သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။
ဟီရိုယူကိ ရာကာဝါ လို့အမည်ရတဲ့ ရေငုပ်သမားတစ်ယောက်ဟာ သူ အလုပ်လုပ်နေချိန်အတွင်း ယိုရီကိုလို့ သူနာမည်ပေးထားတဲ့ ငါးတစ်ကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ ရှင်တိုပိုင်နက်ထဲက အလေးအမြတ်ထားတဲ့ ဗိမာန်တစ်ခုကို စောင့်ကြည့်ဖို့ တာဝန်ချထားခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ဗိမာန်နဲ့ပတ်သက်ပြီးထူးခြားတာက သူဟာ ဂျပန် တာတာယာမာ ပင်လယ်ကွေ့ရဲ့ ပင်လယ်ရေမျက်နှာပြင်အောက်မှာ တည်ရှိနေတာပါပဲ။
ဒါကြောင့် ရာကာဝါဟာ ဗိမာန်ဆီကို မကြာခဏဆိုသလို ရေငုပ်ပြီး သွားကြည့်ရကာ အဲဒီမှာနေထိုင်လျက်ရှိတဲ့ ရေနေသတ္တဝါတွေကိုလည်း လေ့လာခွင့်၇ခဲ့ပါတယ်။ ရာကာဝါက ဆယ်နှစ်လုံးလုံး အလုပ်လုပ်နေရင်းက ယိုရီကိုလို့အမည်ပေးထားတဲ့ ပင်လယ်ငါးတစ်ကောင်နဲ့ ဆုံခဲ့ပြီး အခုလက်ရှိထိ ၂၅နှစ်တိုင်တိုင် အဆက်အသွယ်မပြတ်ဘဲ ခင်မင်ရတဲ့သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။
သူတို့ဆုံတဲ့အချိန်တိုင်း ယိုရီကိုက သူ့ရဲ့ လူသားသူငယ်ချင်းကို နှုတ်ဆက်အနမ်းအကြီးကြီးပေးပြီး သူဘယ်လောက်တောင် သူငယ်ချင်းကို ချစ်လဲ လွမ်းလဲဆိုတာ ပြသလေ့ရှိပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းလှတဲ့တွေ့ဆုံမှုလေးတစ်ခုကို ဗီဒီယိုမှာ ရိုက်ကူးမိထားပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ ဒါလေးကြောင့် ငါးလေးရဲ့ ချစ်တတ်ပုံလေးကို လူအားလုံးက အံ့အားသင့်သွားခဲ့ကြပါတယ်။
ငါးတွေဟာ လူတွေရဲ့ မျက်နှာကို ၈၆% လောက် မှတ်မိနိုင်တယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်က သိပ္ပံပညာရှင်များက လေ့လာမှုမှတ်တမ်းတွေအရ ပြောပြထားပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီးရင်တော့ ငါးတွေနဲ့ လူတွေဟာ သူငယ်ချင်းဖြစ်လာနိုင်တယ်ဆိုတဲ့ အတွေးမျိုး တွေးမိကြမှာ အသေအချာပါပဲ။