Google Maps တွင် ရှာဖွေတွေ့ရှိခဲ့သော စိတ်ဝင်စားစရာကောင်းလှတဲ့ နေရာ (၈) ခု

သင့်အနေနဲ့ အခန်းထဲကနေ မထွက်ဘဲ ကမ္ဘာ့နိုင်ငံအတော်များများကို လည်ပတ်ချင်တယ်ဆိုပါက google map ကတော့အကောင်းဆုံး အရာတွေထဲက တစ်ခုပါ။ Google ကုမ္မဏီဟာ၂၀၀၅ ခုနှစ်မှာ Google Maps ကို စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာအနှံ့အပြားက လူများစွာကလည်း အသုံးပြုလာကြကာ စူးစမ်းလိုစိတ်ပြင်းပြသော‌သူများဟာ စိတ်၀င်စားစရာကောင်းတဲ့ နေရာတွေကို စူးစမ်းရှာဖွေမှုများ ပြုလုပ်လာကြပါတယ်။ ဂြိုလ်သားတွေရဲ့ပုံရိပ်တွေ ၊ လျှိူ့ဝှက်ဆန်းကြယ်သော သဲကန္တာရက ဓာတ်ပုံများနှင့် ရှေးဟောင်းသမိုင်းဆိုင်ရာ  အဆောက်အအုံများစွာကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ယခုဆောင်းပါးထဲမှာတော့ ထိုနေရာတွေထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့ နေရာ ၈ ခုအကြောင်းကို ဖော်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။

(၁) ပီရူးနိုင်ငံက ကျင်းပေါက်တွေများစွာစုစည်းနေတဲ့နေရာ


ထိုကျင်းပေါက်တွေ စုထားတဲ့နေရာကတော့ တစ်မိုင်ခန့်ရှည်လျားပြီး မတူညီတဲ့ အချင်း နှင့် အနက်တွေ အသီးသီးရှိတဲ့ ကျင်းပေါင်း ၆၀၀၀ ခန့်ဖြင့် ထူးဆန်းစွာ တည်ရှိနေပါတယ်။ Pisco ချိုင့်ဝှမ်းမှ စတင်လာခဲ့တဲ့ ထိုကျင်းပေါက်တွေဟာ ပီရူးဗီယမ် အင်ဒီစ်း အထိ ကျယ်ပြန့်စွာ တည်ရှိပါတယ်။ သူ့ကို google map ကနေ မြင်ရသောပုံမှာ အလွန် ထူးဆန်းအံ့ဩဖွယ်ကောင်းလှပါတယ်။

(၂) နယ်သာလန်နိုင်ငံက လူလုပ်ကျွန်း


ဒီကျွန်းဟာ နယ်သာလန်နိုင်ငံ Ketelmeer တွင် တည်ရှိပြီး ကျွန်းရဲ့ပုံစံကတော့ တည်နေရာကို အချက်ပြပေးတဲ့ icon နဲ့တူပါတယ်။ အမှန်တကယ်တော့ ထိုနေရာဟာ he IJsseloog လို့ခေါ်တဲ့ အချင်း ၀.၆ မိုင်ရှိသော ညစ်ညမ်းတဲ့ နုံးမြေနုတွေကို သိုလှောင်တဲ့ နေရာဖြစ်ပါတယ်။

(၃) အမေရိကန်က ဧရာမတြိဂံ

ဒီထူးဆန်းတဲ့ နေရာကတော့ အရီဇိုးနားပြည်နယ် ဝှစ်မန် တွင်တည်ရှိပါတယ်။ အမှန်တကယ်တော့ ထိုနေရာက ခန့်မှန်းခြေအားဖြင့် ၁၉၅၆  ကနေ ၁၉၆၆ ခုနှစ် ကြားကာလအတွင်းက စွန့်ပစ်ခဲ့တဲ့ လေတပ်အခြေစိုက်စခန်းနေရာ တစ်ခုလည်းဖြစ်ပါတယ်။

(၄) အင်္ဂလန်နိုင်ငံက လက်ဗွေရာနဲ့ တူလှတဲ့ နေရာတစ်ခု

Fingermaze လို့ခေါ်တဲ့ ထိုကြီးမားတဲ့ လက်‌ဗွေရာကြီးဟာ အင်္ဂလန်နိုင်ငံ Brighton & Hove မြို့ရဲ့ Hove ပန်းခြံအတွင်းမှာ တည်ရှိပါတယ်။ ထိုလက်‌ဗွေဟာ ကျောက်နဲ့ထုံးကို သုံးကာပြုလုပ်ထားသော ကျောက်ဆစ်လက်ရာတွေဖြစ်ကာ ပန်းခြံကြီးအတွင်းမှာ ကွေးနေတဲ့ ထုံးကျောက်လိုင်းများအနေနဲ့ တည်ရှိနေပါတယ်။ Fingermaze ကို ၂၀၀၆ ခုနစ်၌ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအနုပညာရှင်တစ်ဦးဖြစ်တဲ့  ခရစ်ဒရူရီ ကဖန်းတီးခဲ့ပြီး ဘ၀သံသရာ သဘောကို ကိုယ်စားပြုတယ်လို့လည်း သိရပါတယ်။

(၅) တရုတ် သဲကန္တာရထဲက လျှိူ့ဝှက်စမ်းကြယ်တဲ့ သင်္ကေတများ

Gobi သဲကန္တာရမျက်နှာပြင်ပေါ်တွင် ကြီးမားတဲ့ တံဆိပ်တုံးဖြင့် ရိုက်နှိပ်ထားသည်ဟု ထင်ရသော ဒီသင်္ကေတကို အရင်တုန်းကတော့ အချိန်တော်တော်ကြာ ဂြိုလ်သားများရဲ့ အမှတ်အသားတစ်ခုလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူသားများရဲ့ ဖန်တီးမှုသာ ဖြစ်နိုင်တယ်လို့ ပြောင်းလဲပြီး မြင်လာကြပါတယ်။ သုတေသနပညာရှင် Jonathan Hill ရဲ့အဆိုအရ Arizona တက္ကသိုလ်ရဲ့ Mars အပေါ်လွှတ်တင်မည့် အစီစဉ်တစ်ခုကြောင့်ဖြစ်ပြီး ထိုမျဉ်းဖြတ်များဟာ ဂြိုလ်တုကို စံနှုန်းကိုက်ညီအောင် ညှိထားသောအရာ ဖြစ်သည်ဟုဆိုပါတယ်။

(၆) အမေရိကန်က Potash ရေပူကန်

နီညိုရောင်ရှိတဲ့ Utah သဲကန္တာရတွင်ရှိသော အပြာရောင်ကန်များဟာ ပိုတက်စီယမ်ကလိုရိုက်ထုတ်ယူတဲ့နေရာဖြစ်ပြီး အဲ့ဒီနေရာကို Potash လို့ခေါ်ကြပါတယ်။ Intrepid Potash, Inc. ဟာအမေရိကန်ပြည်ထောင်စုတွင် ပိုတက်စ်မိုင်း ၃ ခုကို လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီလိုနေရာတွေထဲကမှ အကျော်ကြားဆုံးနဲ့ အထင်ရှားဆုံးဓာတ်ပုံကတော့ Utah ပြည်နယ် Moab နေရာကဖြစ်ပါတယ်။

(၇) အန္တာတိကတိုက်က ဂြိုလ်သားမျက်နှာ

ဒီအန္တာတိကတိုက်ရဲ့ တောင်တန်းတစ်ခု၌ ဘာမှန်းအတိအကျမသိတဲ့ အရာကြီးတစ်ခု တွေ့ရှိကြပါတယ်။ သု‌တေသနပညာရှင်များကတော့ ဂြိုလ်သားများရဲ့ ယဉ်ကျေးမှုတွေဟာ တည်ရှိခဲ့ကြောင်း သက်သေပြနေခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ သို့ပေမယ့် ပို၍ ကျိုးကြောင်းဆီလျော်တဲ့ သီအိုရီတစ်ခုရှိပါတယ်။ အဲဒါကတော့ သဘာ၀တရားကြောင့် သူ့ဘာသာသူဖြစ်ပေါ်လာတဲ့ အရာများသာဖြစ်နိုင်တယ် ဆိုတဲ့အချက်ဘဲ ဖြစ်ပါတယ်။ NASA ရဲ့ အဆိုအရ Pareidolia ဆိုတဲ့ စိတ်ခံစားချက်ဖြစ်ပြီး ထိုအရာဟာ တိမ်များ ကျောက်တုံးများ သို့မဟုတ် အခြားဆက်စပ်မှုမရှိတဲ့ အရာ၀တ္ထုများကို လူတို့မြင်တွေ့ကြတဲ့အခါ တစ်ခုခုနဲ့ တူတယ်ဆိုတဲ့ စိတ်ခံစားချက်ဟာ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်ပေါ်လာတဲ့ ထင်ကြေးတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၈) အာဖရိက သဲကန္တာရအလယ်က လေယာဉ်ပုံအမှတ်အသား


၁၉၈၉ ခုနှစ်တွင် McDonnell Douglas DC-10-30 လေယာဉ်ဟာ Ténéré သဲကန္တာရထဲမှာ ပျက်ကျခဲ့ပါတယ်။ ၂၀၀၇ ခုနစ်ကတော့ ထိုလေယာဉ်ပျံပျက်ကျမှုရဲ့ ၁၈ နှစ်မြောက် နှစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီနှစ်မှာတော့ ယခုမြင်တွေ့နေရတဲ့ အမှတ်အသားကို ထိုသဲကန္တာရထဲမှာတည်ဆောက်ခဲ့ပါတယ်။

Leave a Comment