ရှေးခေတ်အခါတည်းက ကျွန်တော်တို့လူသားတွေဟာထူးခြားဆန်းကြယ်လှတဲ့အရာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။ ထိုအရာတွေထဲကမှအများစုကိုတော့ ကျွန်တော်တို့ဟာသိပ္ပံပညာနဲ့ဖြေရှင်းနိုင်ခဲ့ကြပြီး ထိုထဲကမှယုံကြည်နိုင်ဖို့ခက်ခဲလှတဲ့ အချို့အရာတွေဟာလည်း မဖြေရှင်းနိုင်ဘဲရှိနေပါသေးတယ်။ ဒီဆောင်းပါးထဲမှာတော့ သိပ္ပံပညာနဲ့ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ လူနဲ့ သဘာဝမှဖြစ်ရပ်ဆန်းတွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။
(၁) ရေဆူနေသောမြစ်
ပီရူးနိုင်ငံက Andrés Ruzo လို့အမည်ရတဲ့ ကောင်လေးတစ်ဦးဟာ သူ့ရဲ့အဖိုးဆီကနေ ရေဆူနေတဲ့မြစ်နဲ့ပက်သက်တဲ့ ဒဏ္ဍာရီပုံပြင်များစွာကို အမြဲတမ်းကြားခဲ့ရပါတယ်။ သူဟာ အဲ့ဒီပုံပြင်တွေကို မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ရက်မှာတော့ သူဟာ အဲ့ဒီမြစ်ကို တွေ့ရှိသွားခဲ့ပြီလို့ အိမ်မက်မက်ခဲ့ပါတယ်။ အသက်ကြီးလာတဲ့အချိန်မှာတော့ သူဟာ ဘူမိဗေဒပညာရှင်ဖြစ်လာခဲ့ပြီး အဲ့ဒီမြစ်က တကယ်ရှိသလားဆိုတာကို ရှာဖွေဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ပီရူးအမေဇုန်တောထဲမှာနေထိုင်တဲ့ နတ်ဆရာများရဲ့ အကူအညီနဲ့ အဲ့ဒီရေဆူနေတဲ့မြစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုမြစ်ရေရဲ့အပူချိန်ဟာ ၈၆ ဒီဂရီဆဲလ်ဆီးရပ် ၁၈၆ ဒီဂရီဖာရင်ဟိုက်ထိရှိပြီး ထိုမြစ်ရေရဲ့ထူးခြားဆန်းကြယ်လှတဲ့အချက်ကတော့ သူ့နဲ့အနီးဆုံးမီးတောင်ကနေတောင် ကီလိုမီတာ၇၀၀လောက်ကွာဝေးနေတာကြောင့်ဖြစ်ပါတယ်။
(၂) Bralorney ပြတိုက်မှဓာတ်ပုံ
ထိုဓာတ်ပုံကတော့ ၁၉၄၁ ခုနှစ် ကနေဒါနိုင်ငံမှ Gold Bridge တံတားဖွင့်ပွဲမှ ဓာတ်ပုံတစ်ခုဖြစ်ပါတယ်။ ထိုဓာတ်ပုံထဲက လူအုပ်ကြားထဲမှ အမျိုးသားတစ်ဦးဟာ ၁၉၄၀ ခုနှစ်ဝန်းကျင်တုန်းက ဖက်ရှင်မဟုတ်တဲ့ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ထိုအမျိုးသားဟာ ဇစ်ပါတဲ့ hoodie နဲ့ ၂၁ရာစုနှစ်ထုတ် Logo ပါတဲ့ တီရှပ်ကိုဝတ်ဆင်ထားပြီး လက်ထဲမှာလည်း ခရီးဆောင်ကင်မရာတစ်လုံးကို ကိုင်ထားတာကိုတွေ့ရပါတယ်။အချို့သူများကတော့ ထိုအမျိုးသားဟာ အချိန်ခရီးသွားတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
(၃) အမေဇုန်မိုးသစ်တောအတွင်းမှ ဘူမိရုပ်ပုံများ
အမေဇုန်တောရဲ့နေရာတစ်နေရာတွင် ဟင်းလင်းပြင်ဖြစ်နေတဲ့ကွင်းပြင်တွေကို သိပ္ပံပညာရှင်များ လေ့လာလိုက်တဲ့အခါမှာတော့ များစွာသောဘူမိရုပ်ပုံတွေကိုတွေ့ခဲ့ရပါတယ်။ ကျွမ်းကျင်သူများဟာ ဘရာဇီးနဲ့ ဘိုလီဗီယားမြောက်ပိုင်းဒေသတွေမှာ ဘူမိရုပ်ပုံ ၄၅၀ခန့်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အများစုဟာရှေးကျလွန်းတဲ့ ဘူမိရုပ်ပုံတွေဖြစ်ပြီး သူတို့ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၃၀၀၀ ကနေ ၃၅၀၀ အတွင်းရှိပါတယ်။ ဒီဘူမိရုပ်ပုံများနဲ့ပက်သက်တဲ့ အဓိကသီအိုရီတစ်ခုကတော့ အစည်းအဝေးများဆွေးနွေးခြင်းများနဲ့ ထုံးတမ်းအစဉ်အလာတွေအတွက် ရေးဆွဲထားတာဖြစ်နိုင်တယ် ကောက်ချက်ချခဲ့ကြပါတယ်။
(၄) ရေခဲသွားခဲ့တဲ့မိန်းကလေး
၁၉၈၀ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ Jean Hilliard ဆိုတဲ့မိန်းကလေးတစ်ဦးဟာ ဆီးနှင်းများကျဆင်းနေတဲ့ Lengby မြို့ Minnesota ပြည်နယ်မှာရှိတဲ့ သူ့မိဘရဲ့အိမ်ကိုတစ်ယောက်တည်း ကားမောင်းလာခဲ့ပါတယ်။ ထိုအချိန်မှာ သူမရဲ့ကားဟာ ရုတ်တရက်စက်ရပ်သွားခဲ့တာကြောင့် သူမဟာ အနီးနားမှာရှိတဲ့ဘသူငယ်ချင်းရဲ့အိမ်ကို လမ်းလျောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလွန်အေးတဲ့ရာသီဥတုကြောင့် သူမဟာ သတိလစ်သွားခဲ့ပြီး နှင်းတွေထဲမှာ ၆နာရီအကြာမှ သူမကိုတွေ့ရှိခဲ့ပါတယ်။ ထိုအချိန်မှာတော့ လေထုရဲ့အပူချိန်ဟာ(-၂၂)ဒီဂရီစင်တီဂရိတ်ထိရှိနေခဲ့ပါတယ်။သူမကို ဆေးရုံခေါ်သွားခဲ့တဲ့အချိန်မှာတော့ သူမမှာအသက်ရှိနေတဲ့လက္ခဏာတွေမတွေ့ရဝော့ာဘဲ၊အရေပြားဟာလည်း တောင့်တင်းမာကျောနေတာကြောင့် ဆေးထိုးလို့လည်းမရခဲ့ပါဘူး။ ဆရာဝန်တွေကတော့ Jean ဟာ သေဆုံးသွားပြီလို့ မှတ်ယူခဲ့ကြတယ်။ အချိန်အနည်းငယ်ကြာလို့ ရေခဲတွေပျော်လာတဲ့အခါမှာတော့ သူမဟာအနည်းငယ်လှုပ်လာပါတယ်။သုံးရက်ကြာပြီးနောက်မှာတော့ သူမရဲ့ခြေလက်တွေလှုပ်လာခဲ့ပြီး ၆ ပတ်ကြာတဲ့အခါမှာတော့ သူမဟာ လုံးဝပြန်လည်ကျန်းမာလာခဲ့ပါတော့တယ်။
(၅) တစ္ဆေသင်္ဘာ Carroll A. Deering
Carroll A. Deering ဟာ အမေရိကန်ရဲ့နာမည်ကျော်ကြားလှတဲ့ တစ္ဆေသင်္ဘောတစ်စင်းဖြစ်ပါတယ်။ထိုသင်္ဘောဟာ ၁၉၂၁ ခုနှစ်မှာ သင်္ဘောသားတစ်ဦးမှမပါဘဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုသင်္ဘောကိုတွေ့တဲ့အချိန်မှာ အစားအစာများ၊ မှတ်တမ်းစာအုပ်တွေ သင်္ဘောသားအသုံးအဆောင်ပစ္စည်းတွေနဲ့ ကျော်ဆူးတွေလည်းရှိနေခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောရဲ့ စတီယာရင်ကတော့ ကျိုးနေခဲ့ပါတယ်။၁၉၂၂ ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ ဒီသင်္ဘောနဲ့ပက်သက်တဲ့အဖြေကို သေချာမသိရဘဲ စစ်ဆေးမှုတွေရပ်တန့်ခဲ့ပါတယ်။
( www.shweapk.info တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ။ )