ရုရှားပြတိုက်က လုံခြုံရေးအစောင့်တစ်ယောက်ဟာ သူ့ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာတင် မျက်နှာမပါတဲ့ ပန်းချီကားချပ်ကို မျက်လုံးပုံရေးဆွဲခဲ့တာကြောင့် ဒေါ်လာ(၁)သန်းတန် ပန်းချီကားဟာ ပျက်စီးသွားခဲ့ပါတယ်။
အဆိုပါလုံခြုံရေးအစောင့်ဟာ ရုရှားအနောက်ပိုင်း ရီကာတရင်းဘက်ခ်မြို့တော်ရဲ့ ယဲ့စင်းစင်တာပြတိုက်မှာ စိတ္တဇပန်းချီလက်ရာအနေနဲ့ ခင်းကျင်းပြသထားတဲ့ အနုပညာရှင် အန်နာ လစ်ပေါ်ဆာရာ့ရဲ့ “ပုံရိပ်သုံးခု” (1932-1934) ပန်းချီကားပေါ်မှာ မျက်လုံးနှစ်လုံးကို ဘောပင်နဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ။ ယဲ့စင်းစင်တာပြတိုက်မှာ ပန်းချီကားတွေကို လာရောက်ကြည့်ရှုတဲ့ ဧည့်သည်တော် ၂ယောက်ဟာ ၁၉၃၀ ခုနှစ် ပန်းချီကားချပ်ပေါ်မှာ မျက်လုံး၂လုံးပိုနေတာကို သတိပြုမိခဲ့ပြီး “အနုပညာစာစောင်” ကို သတင်းပို့ခဲ့ပါတယ်။
အသက်(၆၀)ခန့်ရှိတဲ့ အမည်မသိ လုံခြုံရေးအစောင့်ဟာ ဒီအဖြစ်အပျက်ကို အမှန်တိုင်းထွက်ဆိုပြီး ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာပဲ ပျင်းလို့ လုပ်ခဲ့မိတာပါလို့ ပြောကြားခဲ့ပါတယ် ။ အဲ့ဒီကတည်းက ထိုလုံခြုံရေးအစောင့်ဟာ အလုပ်ကနေ အထုတ်ပယ်ခံခဲ့ရပါတယ်။
မော်စကိုမြို့ ထရက်ရာကို့ဗ်ပြတိုက်က ငှားရမ်းထားတဲ့ ထိုပန်းချီကားကို နောက်ရက်မှာတင် ပြုပြင်ထိန်းသိမ်းရေးစင်တာကိုပို့ခဲ့ရပြီး ပြန်လည်ပြင်ဆင်ဖို့ အပ်ခဲ့ရပါတယ်။ လောလောဆယ်မှာတော့ ထိုပျက်စီးသွားခဲ့တဲ့ပန်းချီကားကို မူလအတိုင်း ပြန်လည်ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်ကတော့ ထိခိုက်မှုကို အနုပညာလက်ရာအပေါ် ရေရှည်ထိခိုက်မှုမရှိဘဲ ဖယ်ရှားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရဲတွေကတော့ လုံခြုံရေးအစောင့်ရဲ့ လက်ကမြင်းခဲ့ခြင်းအတွက် အမှုဖွင့်စစ်ဆေးပြီး ထိုလုံခြုံရေးအစောင့် အလုပ်လုပ်ခဲ့တဲ့ လုံခြုံရေးကုမ္ပဏီကို ပြန်လည်ပြုပြင်ရေးနဲ့ ဖျက်ဆီးခဲ့မှုအတွက် ခန့်မှန်းချေ ဒေါ်လာ ၃၃၀၀ ကျော်ကိုပေးဆောင်စေခဲ့ပါတယ် ။ ပန်းချီကားက ဘယ်လောက်တန်တယ်ဆိုတာ အတိအကျမသိရပေမယ့်လို့ အယ်လ်ဖာအာမခံကုမ္ပဏီမှာ ဒေါ်လာ(၁)သန်းနဲ့ အာမခံထားထားတာပဲ ဖြစ်ပါတယ်။