ပရိသတ်ကြီးရေ.. ဒီနေ့ စက်တင်ဘာလ(၉)ရက်နေ့လေးကတော့ မြန်မာနိုင်ငံမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ မင်းသားနေတိုးရဲ့ အသက်(၃၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ နေတိုးကတော့ ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် တောထူကျေးရွာမှာ မွေးဖွားခဲ့တာပါ။ မောင်နှမလေးယောက်ထဲမှာ ဒုတိယမြောက်သားဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာအဓိကနဲ့ ဘွဲ့ရရှိထားပါတယ်။
(၁၉၉၉) ခုနှစ်မှာ ရန်ကုန်ကိုပြောင်းလာခဲ့ပြီး အနုပညာလောကထဲဝင်ရောက်ဖို့ မော်ဒယ်လ်သင်တန်းနဲ့ အဆိုသင်တန်းတွေတက်ခဲ့ပါတယ်။ (၂၀၀၀) ခုနှစ်မှာ သီချင်းအယ်ဘမ်လ်တစ်ခုထွက်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သီချင်းဗွီဒီယိုတွေမှာ စတင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ပထမဆုံးဗွီဒီယိုကို (၂၀၀၁)ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်မှာ မိုးညအိပ်မက်မြူ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး (၂၀၁၅) ခုနှစ်မှာ နက္ခတ်မှားတဲ့တိုက်ပွဲရုပ်ရှင်ဇာတ်ကား၊ (၂၀၁၇) ခုနှစ်မှာ တာတေကြီးဇာတ်ကားနဲ့ ရုပ်ရှင်ထူးချွန်ဆုတွေ ထပ်မံရရှိခဲ့ပါတယ်။
ဒါ့အပြင် (၂၀၁၈) ခုနှစ်မှာ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားနဲ့ Star Awards ရရှိခဲ့ပြီး (၂၀၁၉)ခုနှစ်မှာ လရောင်ဖြာတဲ့အင်းလေးမှာ ဇာတ်ကားရဲ့ဇာတ်ဝင်တေးသီချင်းနဲ့ Shwe FM Music Awards၊ (၂၀၂၀)ခုနှစ်မှာ အနုပညာနယ်ပယ်အသီးသီးမှာ ထူးချွန်သူတစ်ယောက်မို့ Best Actor In Multiple Role အနေနဲ့ Myanmar Pride Awards ကို ရရှိခဲ့ပါတယ်။ နေတိုးကတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်၊ အဆိုတော်၊ နှင်းဆီအငြိမ့်ရဲ့ ဟာသလူရွှင်တော်အနေနဲ့ အနုပညာအလုပ်တွေလုပ်နေရုံမက သူဝါသနာပါတဲ့ မိတ်ကပ်ပညာကိုလည်း လေ့လာသင်ယူနေသူပါ။
နေတိုးကတော့ အနေအထိုင်သိုဝှက်လွန်းသူတစ်ယောက်ဖြစ်သလို လက်ရှိအချိန်ထိ အချစ်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးပြီး ကြိုးစားလုပ်ကိုင်နေပါတယ်။ နှင်းဆီအဖွဲ့နဲ့အတူ ပရဟိတအလှူတွေလုပ်နိုင်ဖို့ ကြိုးစားနေရုံမက ကိုယ်တိုင်လည်း လူမှုအကျိုးပြုလုပ်ငန်းတွေမှာ တတ်နိုင်သမျှ လှူဒါန်းကူညီနေသူပါ ပရိသတ်ကြီးရေ.. ပြီးပြည့်စုံတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့မင်းသားချောနေတိုးရဲ့ဒီနေ့မှာ ကျရောက်တဲ့မွေးနေ့လေးအတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။
Source – Nay Toe’s Wikipedia
Credits – Cele Gabar