ဒိုင်အချို့ရဲ့လုပ်ရပ်ကြောင့် ပရိသတ်တွေကြားဝေဖန်မှုမြင့်တက်နေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ရဲ့သီချင်း

မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပွဲမှာတော့ ရွက်ပုန်းသီးဝါသနာရှင်တွေများစွာပါဝင်ယှဉ်ပြိုင်ခဲ့သလို ပရိသတ်ဆန္ဒနဲ့ထပ်တူကျခဲ့တဲ့ ပြိုင်ပွဲဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ပင်ကိုယ်အသံအားကောင်းကောင်းနဲ့ ဒိုင်လေးယောက်စလုံးကို ဆွဲဆောင်နိုင်ခဲ့သူတော့ တောင်တွင်းကြီးမြို့နယ်ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ကိုရဲခန့်ပါ။

“ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းလေးနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လတ်တလောမှာတော့ ဒီသီချင်းနဲ့ပတ်သက်ပြီး ပရိသတ်ကြားမှာ ဝေဖန်မှုတချို့ထွက်ပေါ်လျက်ရှိပါတယ်။ ဒီသီချင်းကတော့ ခေတ်အဆက်ဆက်ပရိသတ်ကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းဖြစ်တာကြောင့် ပြန်ဆိုသူတွေအများအပြားရှိခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။ ဘိုဘိုနဲ့ ရတနာဦးတို့ သီဆိုခဲ့သလို The Voice Myanmar ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ R ဇာနည်နဲ့ မီးမီးခဲတို့လည်း ဒီသီချင်းကို သီဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိပ်မက်ဆုံရာ(ရာသက်ပန်) ရဲ့ Winner တစ်ဦးဖြစ်တဲ့ အောင်ထက်လည်း သီဆိုခဲ့ပြီး အရမ်းပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။

ကိုရဲခန့်ရဲ့သီဆိုမှုအပြီးမှာတော့ ဒိုင်တစ်ဦးဖြစ်သူနီနီခင်ဇော်က အဆိုတော်အောင်ထက်ထံဖုန်းခေါ်ခဲ့ပြီး ပြိုင်ပွဲဝင် ကိုရဲခန့်နဲ့ မိတ်ဆက်ပေးခဲ့တဲ့အပြင် အဆိုတော်ကျားပေါက်နဲ့နီနီတို့နှစ်ယောက်ကတော့ ကိုရဲခန့်ကို ရဖို့ အောင်ထက်နဲ့ စကားပြောခဲ့ကြပါတယ်။ ဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းကိုအရင်သီဆိုခဲ့သူက R ဇာနည်ဖြစ်တာမို့ R ဇာနည်အတွက် မျက်နှာပူခဲ့ကြသလို ဝေဖန်တဲ့မှတ်ချက်တွေကိုလည်း ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကိုရဲခန့်ကတော့ သူ့ရဲ့ Coach အနေနဲ့ R ဇာနည်ကိုရွေးချယ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…

Source – The Voice Myanmar
Credits – Cele Gabar

Leave a Comment