လမ်းပေါ်မှာ ချမ်းပြီးတုန်ရီနေတဲ့ခွေးပေါက်လေးကို ထွေးပွေ့ထားခဲ့တဲ့ ဘဲငန်းလေး

လူတစ်ယောက်ဟာ တခြားသူအပေါ်ကို ဂရုစိုက်တာတွေ၊ ခွန်အားပေးတာတွေနဲ့ တခြားသူရဲ့ နာကျင်မှုကို ခံစားနားလည်ပေးတတ်တဲ့ ကိုယ်ချင်းစာတရားဟာ လူသားတွေရဲ့ ပြယုဂ်တစ်ခုပါ။ ဒါပေမယ့်လည်း တချို့လူတွေကတော့ ဒုက္ခရောက်နေသူကို သူတို့နဲ့ အနီးကပ်တွေ့နေ မြင်နေရတာတောင်မှ ကူညီကြလေ့မရှိပါဘူး။ အဲဒါအပြင် အချို့တိရိစ္ဆာန်လေးတွေဟာ လူတွေလိုပဲ မျှဝေခံစားတတ်ပြီး အခြားမျိုးမတူတဲ့တိလေးတွေကို ကူညီစောင့်ရှောက်တတ်ကြပါသေးတယ်။

အောက်မှာပြထားတဲ့ ပုံလေးတွေကတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသွားတဲ့ ဘဲငန်းလေးတစ်ကောင် လမ်းပေါ်က လေလွင့်ခွေးလေးကို ထွေးပိုက်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်။ ဒါလေးကိုကြည့်ခြင်းဖြင့် တကယ့် ချစ်ခြင်းမေတ္တာနဲ့ သူငယ်ချင်းသံယောဇဉ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတာကို သက်သေပြနေပါတယ်။ ပြီးတော့ ဒီဘဲငန်းလေးဟာ လမ်းပေါ်မှာ ချမ်းပြီး ခိုက်ခိုက်တုန်နေရှာတဲ့ ခွေးလေးကို မြင်လိုက်တာနဲ့ သူဘာလုပ်သင့်လဲဆိုတာကို အတိအကျသိနေပါတယ်။

ခွေးပေါက်လေးကိုတော့ သူ့ရဲ့မိခင်က မွေးမွေးပြီးခြင်း လမ်းပေါ်မှာ ထားသွားခဲ့တာဖြစ်နိုင်ပြီး ရာသီဥတုအေးလွန်းလှတာကြောင့် ချမ်းပြီးတုန်နေပါတယ်။ ထိုခွေးပေါက်လေးကို ကြင်နာသနားတတ်တဲ့ စိတ်နှလုံးသားရှိတဲ့ ဘဲငန်းလေးက အအေးဒဏ်ကနေကာကွယ်ပေးပြီး နွေးထွေးစေဖို့ သူ့အတောင်ပံတွေကို အသုံးပြုဖို့ ဝန်မလေးခဲ့ပါဘူး။

ဒါကိုမြင်ခဲ့တဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ယောက်ဟာ ဒီပုံတွေကို မျှဝေလိုက်ပြီးတဲ့နောက်မှာတော့ ဘဲငန်းလေးဟာ ခွေးလေးကို တိုက်ခိုက်ချင်လို့ အနားကပ်သွားတာဆိုပြီး အစပိုင်းက ထင်နေခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တော့ ဘဲငန်းလေးဟာ ခွေးလေးကို နှုတ်သီးလေးကိုသုံးပြီး သူ့အတောင်ပံအောက်ထားကာ နွေးထွေးအောင်ပြုလုပ်ပေးခဲ့ပါတယ်။ မကြာပါဘူး ခွေးလေးလည်း သူ့ရင်ခွင်ထဲမှာ အိပ်ပျော်သွားပါတယ်တဲ့။

ကံကောင်းစွာနဲ့ပဲ သနားစရာ ခွေးပေါက်လေးကို ဓာတ်ပုံရိုက်ကူးသူက ကယ်တင်ခဲ့ပြီး အခုဆို ကျန်းမာနေပါပြီတဲ့။ ဒါပေမယ့်လည်း မတူညီတဲ့ မျိုးစိတ်တွေကြားမှာ တစ်ကောင်ကို တစ်ကောင်လိုအပ်တဲ့အချိန်မှာ စောင့်ရှောက်ပေးတတ်ကြတာ အံ့မခန်းပါပဲ။

ဒီအဖြစ်အပျက်မျိုးက ပထမဆုံး ဖြစ်ရပ်မျိုးတော့မဟုတ်ပါဘူး။ ဘဲလေးတွေက ခွေးလေးတွေရဲ့အကောင်းဆုံး သူငယ်ချင်းအဖြစ် အတူတူ ဆော့ကစားရင်း နေသွားကြတာမျိုးတွေရှိပါသေးတယ်။

Leave a Comment