နွားတွေပျော်ပြီး နို့အထွက်တိုးအောင် VR ခေါင်းစွပ်ကို တပ်ဆင်ပေးခဲ့တဲ့ နွားခြံပိုင်ရှင်

ဥရောပရဲ့ဆောင်းရာသီဒဏ်ကို အံတုကြရတဲ့ နွားလေးတွေအတွက် လယ်သမားတစ်ဦးဟာ သူ့ရဲ့နွားခြံတစ်ခုလုံးက နွားတွေကို နွေရာသီလို့ထင်မှတ်စေပြီး စိမ်းလန်းတဲ့မြက်ခင်းပြင်ပုံစံတွေ မြင်တွေ့ရဖို့အတွက် VR ခေါင်းစွပ်(ပုရိပ်ယောင်ကို မြင်နိုင်တဲ့ မျက်မှန်)ကို တပ်ဆင်ပေးခဲ့ပါတယ်။

Izzet Kocak လို့ခေါ်တဲ့ တူရကီနိုင်ငံ ဒက်ဆာရာမြို့လေးက လယ်သမားတစ်ဦးဟာ သူ့ရဲ့နွားတွေကို ဆောင်းရာသီအတွင်းမှာ ခြံထဲထည့်ထားဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Izzet ဟာ သူ့ရဲ့နွားတွေကို ခြံအပြင်ဘက် စားကျက်မှာလိုမျိုး မြက်ခင်းစိမ်းစိမ်းစိုစိုနဲ့ နေရောင်ခြည်ရရှိနိုင်တဲ့ စားကျက်မြေမှာ နေနေရသလိုမျိုး တွေးမိစေချင်ခဲ့ပါတယ်။

အဲဒီအတွက် Izzet ရဲ့အဖြေရှာမှုက ကြိုးပမ်းအားထုတ်မှုကတော့ သူ့ရဲ့ နွားတွေကို VR ခေါင်းစွပ်(ပုံရိပ်ယောင် ပုံဖော်စက်) တပ်ဆင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

The Sun သတင်းဌာနရဲ့ ပြောကြားချက်အရ “သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မြင်ကွင်းတွေက နွားတွေကို ပျော်ရွှင်စေပြီး နို့ကိုလည်း အထွက်တိုးစေတယ်လို့ ” လေ့လာချက်ရှိတာကြောင့် လယ်သမား Izzet တစ်ယောက် စမ်းသပ်တဲ့အနေနဲ့ သူ့ရဲ့ နွားနှစ်ကောင်ကို ပုံရိပ်ယောင်ပုံဖော်စက်ကို စပြီး တပ်ဆင်ပေးခဲ့ပါတယ်။

ကြည့်ရတာ အလုပ်ဖြစ်တဲ့ပုံပါပဲ … တစ်နေ့ ၂၂ လီတာ ကနေ ၂၇ လီတာထိကို အထွက်တိုးခဲ့ပါတယ်။ Izzek တစ်ယောက်ကတော့ “ပုံမှန် လုပ်လေ့လုပ်ထမရှိတဲ့ နည်းလမ်းတွေကိုသုံးပြီး သူ့ရဲ့တိရိစ္ဆာန်လေးတွေကို ပျော်ရွှင်အောင်လုပ်ပေးတာဟာ ပိုပြီး နို့အထွက်တိုးစေတယ် ” လို့ ဆိုခဲ့ပါတယ်။ အရင်ထဲကလည်း သူ့မွေးမြူရေးခြံက တိရိစ္ဆာန် အကောင် ၁၈၀ ခန့်ကို စိတ်ပျော်ရွှင်ဖို့အတွက် ဂန္တဝင်တေးဂီတတွေ ဖွင့်ပြလေ့ရှိပြီး အခုအခါမှာတော့ ပုံရိပ်ယောင်စက်နဲ့ အရမ်းသာယာပျော်ရွှင်ပုံပေါက်တာကြောင့် နောက်ထပ် ၁၀ခု ထပ်ဝယ်ပြီး တပ်ဆင်ပေးဖို့ စီစဉ်ထားပါတယ်တဲ့ ။
” စိမ်းစိုနေတဲ့ စားကျက်ကိုကြည့်နေရတာ သူတို့အတွက် စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပြီး စိတ်ဖိစီးမှု လျော့နည်းစေတယ် ” လို့လည်း ပြောခဲ့ပါသေးတယ်။

နွားတွေရဲ့ပုံရိပ်ယောင်ပုံဖော်စက်ကို တပ်ဆင်ထားတဲ့ပုံတွေ ပျံ့နှံ့သွားတဲ့အချိန်အတွင်းမှာ တချို့ဟာသဉာဏ်ရွှင်တဲ့ မှတ်ချက်ပေးသူတွေက စက်ပစ္စည်းတစ်ခုဟာ လူသားတွေ ခန္ဓာကိုယ်ကို စွမ်းအင်အရင်းအမြစ်အဖြစ်အသုံးချပြီး ဟန်ဆောင်ကမ္ဘာကြီးထဲမှာနေနေကြတဲ့ လူသားမျိုးနွယ်အကြောင်း ရိုက်ကူးထားတဲ့ The Matrix ရုပ်ရှင်ကားနဲ့ နှိုင်းယှဉ်ခဲ့ကြပါသေးတယ်။ တခြားပရိသတ်တွေကလည်း ဒီပုံတွေကိုကြည့်ပြီး အမျိုးမျိုးသော မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

ဒီပုံရိပ်ယောင် ပုံဖော်တဲ့ မျက်မှန်ကို တိရိစ္ဆာန်တွေအတွက် ဖန်တီးထားတာဖြစ်ပြီး မော်စကိုက မွေးမြူရေးခြံတစ်ခုမှာ ကနဦး စမ်းသပ်ခဲ့တာပါ။ လယ်သမားတွေဟာ ဖန်တီးသူတွေ တိရိစ္ဆာန်တွေပြီးတော့ အတိုင်အပင်ခံတွေနဲ့ မော်စကိုနားက Kransnogorsk မွေးမြူရေးခြံမှာ ကျွဲနွားတွေကို နွေရာသီ စားကျက်ပုံစံမျိုး မြင်တွေ့ခံစားမိအောင် ဖန်တီးနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

လေ့လာချက်ရဲ့ ရလဒ်အနေနဲ့ “စိတ်လှုပ်ရှားမှု ကို လျှော့ချပေးနိင်ပြီး တိရိစ္ဆာန်တွေရဲ့ အလုံးစုံစိတ်ခံစားချက်ကို တိုးတက်အောင် လုပ်နိုင်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ” မော်စကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဟက်ဒ်ဝဲလ်စနစ်ကို လူတွေအသုံးပြုတဲ့ ပုံရိပ်ယောင်မျက်မှန်ကို ပုံမသွင်းခင်မှာ တိရိစ္ဆာန်တွေရဲ့ ဦးခေါင်း အသေးစိတ်အချက်အလက်အတိုင်း ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီမျက်မှန်ဝတ်ထားတဲ့ နွားဆီကနေ လူတစ်ယောက်ဟာ အဲဒါကို အလစ်သုတ်သွားစရာအကြောင်း မရှိတော့ပါဘူး။ ဆော့ဝဲလ်ထဲမှာတော့ အရောင်တွေကို တိရိစ္ဆာန်တွေရဲ့ အမြင်နဲ့ ပိုသင့်တော်တဲ့
အရောင်မျိုး ဖြစ်အောင် ဆွဲပေးထားပါတယ်။ နွားတွေရဲ့အမြင်အာရုံဟာ လူတွေနဲ့ ကွာခြားမှုတွေ ရှိပါတယ်။ သူတို့ဟာ အနီ ဒါမှမဟုတ် အစိမ်းစတဲ့ အရောင်တွေကို မမြင်နိုင်ဘဲ အဝါ အပြာ စတဲ့ ခပ်မှိုင်းမှိုင်း အရောင်တွေကိုသာ လက်ခံမြင်နိုင်စွမ်းရှိကြပါတယ်တဲ့ ။

Leave a Comment