ဒေါ်လာ(၃၇၄)တန်ဖိုးရှိတဲ့ မုန့်တွေကိုခိုးယူခဲ့လို့ အလိုရှိနေကြတဲ့ ပင်လယ်ဇင်ယော်လေး

ပင်လယ်ဇင်ယော်လေးတစ်ကောင်ဟာ ၃၇၄ ဒေါ်လာ တန်ဖိုးရှိတဲ့ မုန့်တွေကို တက်စ်ကို စတိုးဆိုင်ကနေ ခိုးယူခဲ့ပါတယ်။ ဒေသခံတွေအနေနဲ့ အလစ်သုတ်သမားလေး စတီဗင် လို့ သိထားကြတဲ့ ပင်လယ်ဇင်ယော်လေးဟာ ပင်န်တန်၊ ဒေဗွန် အစရှိတဲ့ စူပါမားကတ်တွေရဲ့ အပြင်ဘက် အလိုအလျောက်ဖွင့်ပိတ်လုပ်တဲ့ တံခါးနားမှာ ယောင်ပေပေလုပ်နေတာကို မကြာခဏ မြင်တွေ့ရတတ်ပါတယ်။

ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ ငှက်လေးကို အထဲကနေ မုန့်ထုတ်အသစ်လေးတစ်ထုတ်နဲ့ ပြန်ထွက်မလာခင် တံခါးဖွင့်တာ စောင့်နေတဲ့အချိန်မှာ လက်ပူးလက်ကြပ် ဗီဒီယိုရိုက်ကူးမိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝန်ထမ်းတွေ သူ့ကို မဖမ်းမိခင်မှာဘဲ လမ်းပေါ်ကို သုတ်တီးသုတ်ပြာနဲ့ ထွက်ပြေးသွားလေ့ရှိပါတယ်။

စတီဗင်ဟာ အရမ်းကို လျင်မြန်ဖျတ်လတ်ပြီး တစ်နေ့ကို သုံးကြိမ် စတိုးဆိုင်မှာ အလစ်သုတ်လေ့ရှိပါတယ်တဲ့။ ခန့်မှန်းချေအရတော့ သူဟာ တစ်နှစ်ကို ဒေါ်လာ ၃၇၄ နီးပါးတန်ကြေးရှိတဲ့ အစားအသောက် 17kg လောက်ကို ခိုးယူလေ့ရှိပါတယ်။

တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် ဒီထက်တောင် ပိုများနိုင်ဦးမှာပါ။ စတိဗ်ရဲ့ နောက်ဆုံး အလစ်သုတ်နေတဲ့ ဗီဒီယိုဖိုင်ကို ရိုက်ကူးထားတဲ့ လီယမ်ဘရောင်းက အခုလိုပဲ ပြောကြားခဲ့ပါတယ်။
” ကျွန်တော် သူ့ကို မကြာမကြာ မြင်ဖူးတယ်ဗျ ဒီတစ်ခါတော့ သူကျွန်တော့် ကားဘောနက်ဖုံးပေါ် ခုန်တက်လာတော့ ဗီဒီယို စရိုက်လိုက်တာ -သူတစ်ခုခုကြံနေတာတော့ ကျွန်တော် သိတယ် ။ ခုန်ချပြီးတော့ ပီကေကို ကြမ်းပြင်ပေါ် ထွေးထုတ်လိုက်ပြီး ဆိုင်ထဲကို ဝင်သွားတယ် ပြီးတာနဲ့ မီနီချက်ဒါ အထုတ်လေးတစ်ထုတ်နဲ ပြန်ပြေးထွက်လာတာပဲ ”

ဗီဒီယိုကြည့်ရန်

တက်စ်ကိုက အမည်မဖော်လိုသူတစ်ဦးပြောထားတာကတော့ သူလာတာက နေ့တိုင်းလိုလိုပါပဲတဲ့။ ဒီတစ်ကောင်ထဲလို့တော့ ကျွန်တော်တို့ထင်တာပဲ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် တစ်ခါတစ်လေ သုံးကြိမ်လောက်လာတယ် ။ သူက အရမ်းကြေးများလွန်းပေမယ့် ဒိုရစ်တိုကတော့ သူ့အကြိုက်ဆုံးမုန့်ပဲ။ သူ့ကြောင့် ကျွန်တော်တို့ပစ္စည်းတွေ မဆုံးရှုံးချင်တဲ့အတွက် မောင်းထုတ်ရမှာမလို့ အမြဲတမ်း မျက်လုံးလျင်လျင်နဲ့ စောင့်ကြည့်နေရပါတယ်တဲ့ ။

 

Leave a Comment