နာမည်ကြီးကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Audi က မက်ဆီကန်လူမျိုး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ ဖီးလစ် ဟာနန်ဒက်ဇ် ရိုဒရီဂူရက်ဇ်ကို ဒေါ်လာ နှစ်သိန်းတန် R8 ပြိုင်ကားရဲ့ဓာတ်ပုံတွေ ရိုက်ကူးပေးဖို့အတွက် အလုပ်အပ်ခဲ့ပါတယ်။ အသက်ဝင်ပြီးသဘာ၀ကျလှတဲ့ အသေးစားပုံစံတူ ဓာတ်ပုံပညာရပ်နဲ့ လူသိများလှတဲ့ဖီးလစ်ဟာ သူရဲ့အထင်ကရ နည်းပညာကိုအသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး R8 ပြိုင်ကားရဲ့ ပုံစံငယ်မော်ဒယ်ကို အသုံးပြုရိုက်ကူးကာ ရင်သပ်ရှုမောဖွယ် အံ့မခန်း ရိုက်ချက်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။
ရိုက်ကွင်းကို ဖီးလစ်ရဲ့စတူဒီယိုမှာတင် ရိုက်ကွင်းဆင်ပြီးရိုက်ကူးခဲ့တာပါ။ သူဟာ ကန်နွန် အမျိုးအစား ကင်မရာ EOS 5D Mark 3 နဲ့ အီလက်ထရောနစ် focus ၂၄-၁၀၅ မီလီမီတာ f/4L IS USM မှန်ဘီလူး အပြင် အသေးစားရိုက်ကူးရေးပစ္စည်းတွေ မီးအလင်းအမှောင်တွေရှုထောင့်တွေကို အသုံးချကာ ဒီပုံရိပ်တွေကို ဖမ်းယူရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ဖီးလစ်တစ်ယောက်ဟာ ကင်မရာမှာပါရှိပြီးသား effect နဲ့ wacom cintiq pen tablet အပြင် adobe photoshop ကိုပါ အသုံးပြုပြီး အသေးစားဓာတ်ပုံပြင်ဆင်မှုတွေကိုလည်း လုပ်ခဲ့ပါသေးတယ်။ အောက်ဘက်မှာတော့ ဖီးလစ်ရဲ့အသက်ဝင်လှတဲ့ အသေးစားပုံစံတူ ရိုက်ကူးမှုများကို ဖော်ပြပေးလိုက်ပါတယ်။